Read the English version here.

ဤဆောင်းပါးကို သြဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှု အောက်မေ့ဘွယ်နေ့ကို အထိမ်းအမှတ်ပြုရန်၊  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်း၏ အရှုံးမပေး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းကို ဂုဏ်ပြုရန်နှင့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကို သတိရကြရန်အတွက် ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

TW: အကြမ်းဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု

တပ်မတော်၏ ရက်စက်ယုတ်မာစွာ အကြမ်းဖက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာပြည်သူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အစုအပြုံလိုက် ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွားခဲ့သည်မှာ ခြောက်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ရိုဟင်ဂျာ ၆ သိန်းခန့်သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ မှစ၍ သူတို့၏ အိုးအိမ်နေရပ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ သူတို့သည် အတင်းအဓမ္မအာဏာ လုယူကာ အုပ်ချုပ်နေကြသည့် စစ်ခေါင်းဆောင်များ၏ ထိတ်လန့်ကြောက်မက်ဖွယ်ရာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များ အဆက်မပြတ် ကျူးလွန်ခံရလျှက် ရှိသည်။ ဤလူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ရပ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြပြီး ရှင်သန်လွတ်မြောက်ခဲ့ကြသူများ၏ အမြင်ရှုထောင့်များနှင့် ဖြစ်ကြောင်းကုန်စင် ထွက်ဆိုချက်များကို အလေးထားဂရုပြုရန် အလွန်အရေးကြီးပါသည်။

ဒုက္ခသည်စခန်းများအတွင်း ခက်ခဲဆင်းရဲစွာ ရှင်သန်နေထိုင်ရသည့်အခြအနေများသည် မီးဘေး၊ ရေကြီးရေလျှံမှုများနှင့် Covid-19 ကမ္ဘာ့ကူးစက်ရောဂါ စသည့်ဖြစ်စဉ် များကြောင့် ပိုမို၍ဆိုးရွားလာပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းမှုများ ဆောင်ရွက်ပေးရေး ရိုဟင်ဂျာလူမှု အသိုင်းအဝိုင်းက သူတို့၏ အမြင်ရှုထောင့်များကို စတင်ထုတ်ဖော်တင်ပြလာကြသည်။ နိုင်ငံတကာတရားမျှတမှုကို ရှာဖွေနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဆောင်ရွက်ခြင်းအပါအဝင် အမျိုးမျိုးသော လုပ်ထုံးနည်းနာစနစ်များမှတဆင့် အလွန်အရေးပါသော ပံ့ပိုးကူညီမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။ သို့သော်လည်း အကြပ်အတည်းအခက်အခဲများအား တိုက်ရိုက်ရင်ဆိုင်ကြုံတွေ့နေကြရသည့် လူမှုအသိုင်းအဝိုင်းများနှင့် ပူးပေါင်း၍ စိတ်ဒဏ်ရာများကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူများက ထောက်ခံနှိုးဆော်နေသော ဖြေရှင်းပုံနည်းနာများကို ဖန်တီးဖော်ထုတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

လူမှုအသိုင်းအဝိုင်းများ၏ အမှန်တရားများကို
မော်ကွန်းမှတ်တမ်းတင်ခြင်းနှင့် ရှင်သန်စေခြင်း

ဒဏ်ရာဒဏ်ချက်များအား ကုစားသက်သာပျောက်ကင်းရန်နှင့် တရားမျှတမှုကို ဆောင်ကြဉ်းပေးရန်အတွက် ဆောင်ရွက်ကြရမည့် ခြေလှမ်းတစ်ခုမှာ လူမှုအသိုင်းအဝိုင်းက ဦးစီးဦးဆောင်၍ ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များ၏ အမှန်တရားကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းအားထုတ်မှုများပင် ဖြစ်ပါသည်။ ယင်းဖြစ်စဉ် အမှန်တရားမှတ်တမ်းများကို မဝေးသောအနာဂတ်တွင် တာဝန်ယူတာဝန်ခံမှု ရှာဖွေရေး ယန္တရားများအတွက် သင့်လျှော်သော နည်းလမ်းများဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး ကာလရှည်တွင် ရိုဟင်ဂျာများ အားလုံး၏ စုပေါင်းအမှတ်ရမှု (collective memory – စုပေါင်းအမှတ်ရမှုဆိုသည်မှာ လူအစုအဖွဲ့တစ်ခုအတွင်း အားလုံးမျှဝေထားသော အမှတ်ရမှု၊ အသိပညာများနှင့် သတင်းအချက်အလက်များ .. စသည်တို့ကို ဆိုလိုပါသည်။) နှင့် သမိုင်းမော်ကွန်း မှတ်တမ်းများအဖြစ် ဆောင်ရွက်ထားရမည် ဖြစ်သည်။

မော်ကွန်းမှတ်တမ်းတင်ခြင်းသည် အဖိုးတန်အချက်အလက်များ မဆုံးရှုံးစေရေးနှင့် မပျောက်မပျက်အောင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရေးတို့ကို သေချာအောင် ဆောင်ရွက်ထားရှိရန် အထောက်အကူပြုပါသည်။ ထို့အပြင် အနာဂတ်တွင် ဤအကြောင်းအရာ အချက်အလက်များကို ရှာဖွေဖတ်ရှုနိုင်ရန်အတွက်လည်း မော်ကွန်းတိုက်များက ဝန်ဆောင်မှုပေးပါသည်။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု မော်ကွန်းတိုက် (RGA) သည် အောက်မေ့သတိရ အထိမ်းအမှတ်ပြုရန်အပြင် တရားမျှတမှုနှင့် တာဝန်ယူ တာဝန်ခံမှုများကို ရှာဖွေရန်အတွက် ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ထိတ်လန့်ကြောက်မက်ဖွယ်သော ရက်စက်ယုတ်မာမှုများ၏ သက်သေအထောက်အထား မှတ်တမ်းများအား ကောက်ယူစုဆောင်းခြင်းကို အာရုံစိုက်ဆောင်ရွက်နေပါသည်။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု မော်ကွန်းတိုက် (RGA) ကို Rohingya Vision နှင့် WITNESS အကြား မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်၍ ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၂ သြဂုတ်လတွင် အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ခဲ့ပါသည်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု မော်ကွန်းတိုက် (Rohingya Genocide Archive – RGA) သည် ရိုဟင်ဂျာများက ဦးစီးဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်ပင်ဖြစ်ပါသည်။ မော်ကွန်းတိုက်သည် ရိုဟင်ဂျာများ၏ စွမ်းရည်များနှင့် လူမှုအစုအဖွဲ့ ကွန်ရက်များကို စုဆောင်းအသုံးပြု၍  ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရုပ်သံမော်ကွန်းမှတ်တမ်းများကို  ပွင့်လင်းမြင်သာသော၊ ကူးယူနိုင်သော၊ ပူးပေါင်းဆောင်ရွက်သော နည်းနာများဖြင့် စနစ်တကျ ကောက်ယူစုဆောင်းပြီး မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ ယနေ့ကာလအထိ မော်ကွန်းတိုက်သည် အမျိုးမျိုးသော လူမှုကွန်ရက်မီဒီယာများနှင့် ပုဂ္ဂလိက (တစ်ဦးချင်းစီ၏ ကိုယ်ပိုင်) ရုပ်သံလိုင်းများပေါ်ရှိ စိစစ်ထားသော သတင်းရင်းမြစ်များမှ သက်သေအထောက်အထား ဗီဒီယို ၆၀၀ ကျော်ကို တစ်ခုချင်းစီ ကြည့်ရှုရွေးချယ်၊ ကောက်ယူစုဆောင်းပြီး စနစ်တကျ အမျိုးအစားခွဲခြား စာရင်းပြုစု၍ ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

အစောပိုင်းတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ကိုယ်တွေ့မှတ်တမ်းတင်ထားသည့် မူရင်းဗီဒီယိုများနှင့် ဓာတ်ပုံများသည် Facebook၊ YouTube နှင့် Twitter ကဲ့သို့သော လူမှုကွန်ရက်မီဒီယာများပေါ်တွင် စတင်ပျံ့နှံ့လာခဲ့သည်။ ထိုဗီဒီယိုနှင့်ဓာတ်ပုံမှတ်တမ်းများတွင် မြန်မာ့တပ်မတော်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်စွာ သတ်ဖြတ်မှုများမှစ၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလုပ်ရပ်များအထိ ရက်စက်ယုတ်မာမှုများကို ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ ကျေးရွာများကို မီးတင်ရှို့နေသည့် ဗီဒီယိုများနှင့် အစုလိုက်အပြုံလိုက် လုယက်နေသည့် ဗီဒီယိုများကိုလည်း မှတ်တမ်းတင်ခဲ့ကြသည်။ သို့သော် အကြီးမားဆုံး ချိုးဖောက်သူများဖြစ်သော Facebook နှင့် YouTube တို့က အကြောင်းအရာ (ဗီဒီယို/ဓာတ်ပုံ စသည့်အချက်အလက်) များကို ထိန်းချုပ်ကန့်သတ်မှုများနှင့် အင်တာနက်ပေါ် ထုတ်ဖော်ပြောဆိုခွင့်ကို သတ်မှတ်ပြဌာန်းသည့် ဥပဒေမူဘောင်များ၏ အားနည်းချက် ကြောင့် သက်သေအထောက်အထားများကို ပြသနေသည့် ဗီဒီယိုအချို့မှာ ဖယ်ရှားခံခဲ့ရပါသည်။ ထိုဗီဒီယိုများသည် အကြမ်းဖက်မှု နှင့်/သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တိကျပြတ်သားစွာ ဖော်ပြခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာလမ်းညွှန်ချက်များကို ချိုးဖောက်သည်ဟု သတ်မှတ်ခံရပြီး ဖယ်ရှားခံခဲ့ရခြင်းပင် ဖြစ်သည်။

မော်ကွန်းတိုက် (RGA) ၏ အဓိကရည်မှန်းချက်မှာ စုံစမ်းစစ်ဆေးမှုများနှင့် တာဝန်ယူတာဝန်ခံမှုများကို တောင်းဆိုရန်အတွက် ကောက်ယူစုဆောင်းထားသော မော်ကွန်းမှတ်တမ်းများကို အသုံးပြုရန်ပင် ဖြစ်ပါသည်။ ထို့အပြင် မော်ကွန်းတိုက်က ရိုဟင်ဂျာလူမှုအသိုက်အဝန်း၏ ကိုယ်တွေ့အတွေ့အကြုံဖြစ်ရပ်များကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားရန်နှင့် ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ရာဇ၀တ်မှုများကို ဖုံးကွယ်ထားရန် မြန်မာစစ်အစိုးရက ထွက်ဆိုပြောကြားနေမှုများအပေါ် သက်သေအထောက်အထားများဖြင့် ပြန်လည်တုန့်ပြန်ရန်လည်း ဆောင်ရွက်နေပါသည်။ ထို့ထက် အရေးကြီးသည်မှာ မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ရရှိလာသည့် စိတ်ဒဏ်ရာဒဏ်ချက်များကို မမေ့ပျောက်ကြရန် မော်ကွန်းတိုက် (RGA) က ဆောင်ရွက်ပေးပါသည်။

တရားမျှတမှုနှင့် တာဝန်ယူတာဝန်ခံမှုအတွက် ဗီဒီယိုကိုအသုံးချခြင်း

အင်တာနက်ပေါ်တွင် တင်ထားသော ဗီဒီယိုများသည် ကျူးလွန်သူများကို ဖော်ထုတ်ပေးခြင်း မှအပ ချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည့် တည်နေရာများအပြင် အကြမ်းဖက်မှုများ၏ ပုံစံများ၊ နည်းနာများနှင့် သရုပ်လက္ခဏာများကို နားလည်ရန်အတွက် အသုံးပြုနိုင်ခြင်းကြောင့် အလွန်အရေးကြီးသော ဗီဒီယိုများပင် ဖြစ်ပါသည်။

ဤဗီဒီယိုအများအပြားကို ဖယ်ရှားခြင်းသည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအကြောင်း နိုင်ငံတကာက သိရှိနိုင်မှုကို လျော့ချရုံသာမက သတင်းတုများနှင့် လုပ်ကြံသတင်းများကို ပိုမို၍ ပျံ့နှံစေခဲ့ပြီး ဤမူဆလင်လူနည်းစုအပေါ် အမုန်းတရားများ မြှင့်တက်စေခဲ့သည်။ WITNESS က လက်မှတ်ရေးထိုးသော ဤစာကို ဖတ်ရှုပါ။ ဤနေရာတွင် အခြားတစ်ခုကို ဖတ်ရှုနိုင်ပါသည်။

 

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံရမှု မှတ်တမ်းမော်ကွန်းတိုက်က ကောက်ယူစုဆောင်းထားသော ဗီဒီယိုတစ်ခု၏ ပုံရိပ်တစ်ခု

အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်နေကြရသော်လည်း မော်ကွန်းတိုက် (RGA) က နေရပ်စွန့်ခွါ ရိုဟင်ဂျာအသိုင်းအဝိုင်းများကို ပေါင်းစည်းရန်၊ သူတို့၏ နာကျင်စရာ အတိတ်ကအဖြစ်အပျက်များအား အမှတ်ရမှုဒဏ်ရာများကို အသိအမှတ်ပြုရန်၊ တရားမျှတမှုကို ရှာဖွေရန်နှင့် သူတို့၏ ဖုံးကွယ်နေသော သမိုင်းများ ထာဝစဉ် ရှင်သန်နိုင်ရန်တို့အတွက် နေရာ (virtual space) တစ်ခု အဖြစ် ဝန်ဆောင်မှုပေးနိုင်ရန် မျှော်လင့်ထားပါသည်။ မော်ကွန်းတိုက်ကို တရားမျှတမှုရရှိရေးဖြစ်သည့် တူညီသော မျှော်လင့်ချက်များပေါ်တွင် အခြေခံ၍ နေရပ်စွန့်ခွါ ရိုဟင်ဂျာအသိုင်းအဝိုင်းများ အားလုံးကို ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော လွတ်လပ်သောလူမျိုးအဖြစ် ပေါင်းစည်းနိုင်သည့် စည်းလုံးညီညွှတ်မှု မီးရှူးတန်ဆောင်တစ်ခု ဖြစ်လာရန် စုပေါင်းကြိုးပမ်းမှုတစ်ခုအဖြစ် မျှော်မှန်းရှုမြင်ထားပါသည်။

လွတ်လပ်သော စုပေါင်းအသိပညာများ

ကမ္ဘာတဝှမ်းတွင် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းများသည် သူတို့ရောက်ရှိ နေထိုင်နေကြသည့် နိုင်ငံများတွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ နှင်ထုတ်ခံခဲ့ရသော ရိုဟင်ဂျာများ အများဆုံး ခိုလှုံရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သူတို့၏ အသက်ရှင်နေထိုင်မှု အခြေအနေနှင့် လူမှုဘဝများကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရန်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။ သူတို့သည် ရဲများ၏ အကြမ်းဖက်မှုများကို ဆက်လက်ကြုံတွေ့ ခံစားနေရပါသည်။ ရိုဟင်ဂျာဒုက္ခသည်များမှာ  လူမှုစီးပွားရေးအရ ခွဲခြားဖိနှိပ်မှုများကို ဆက်လက်ကြုံတွေ့နေရပြီး “အထောက်အထားမရှိသည့် ရွှေ့ပြောင်းနေထိုင်သူများ” အဖြစ် ရှုမြင်ခံရကာ အခြားနိုင်ငံများတွင် အသားကျရန်အတွက် ရုန်းကန်နေရပါသည်

စုပေါင်းမျှော်မှန်းချက်များကို ထိထိရောက်ရောက် အောင်မြင်မှုရရှိရန်မှာ မော်ကွန်းတိုက် (RGA) သည် ရိုဟင်ဂျာများက ပိုင်ဆိုင်သော၊ ဦးစီးဆောင်ရွက်သော လုပ်ငန်းအစီအစဉ်ဖြစ်ရန် အရေးကြီးပါသည်။ သူတို့အနေဖြင့် အကျုံးဝင်မှုကောင်းပြီး တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်ခြင်းသည် လူမျိုးတုံး သတ်ဖြတ်မှုအကြောင်း ရုပ်/သံမှတ်တမ်းများကို တိတိကျကျနှင့် အဓိပ္ပါယ်ပြည့်စွာ ကောက်ယူစုဆောင်းနိုင်မှုကို သေချာစေလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြေအနေဖြစ်စဉ်တရပ်လုံးကို နားလည်ကြပြီး ကိုယ်ပိုင်အတွေ့အကြုံများမှတဆင့် ဗီဒီယိုများအတွင်း ကွဲလွဲမှုများကို အလွယ်တကူ သိရှိနိုင်သောကြောင့်ပင် ဖြစ်ပါသည်။ ၎င်းသည် သူတို့အကြား မျှဝေထားသော ဖြစ်ရပ်မှန် အမှန်တရားဖြစ်ပြီး မော်ကွန်းတိုက် (RGA) အပေါ် အများယုံကြည်လက်ခံမှုကို ရရှိနိုင်ပါလိမ့်သည်။

နောက်ထပ်ဘယ်တော့မှ

 

အထူးသဖြင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့အလွန်အမင်းရက်စက်ယုတ်မာမှုတွေကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသူတွေအပါအဝင် ရိုဟင်ဂျာတွေအတွက်ရခိုင်ပြည်နယ်အတွင်းကသူတို့ရဲ့နာကျင်စရာအတွေ့အကြုံဖြစ်ရပ်တွေဟာပြောပြဖို့ စကားလုံးမထွက်နိုင်လောက်အောင်ကိုကြေကွဲစရာဖြစ်ပါတယ်။တရားမျှတမှုကိုရှာဖွေနေတဲ့ ကာလအတွင်းမှာဒီဗီဒီယိုတွေကသူတို့ရဲ့ဒုက္ခဆင်းရဲများအကြောင်းကမ္ဘာကြီးကိုပြသဖို့သက်သေအထောက်အထားမော်ကွန်းမှတ်တမ်းများအဖြစ် အသုံးတော်ခံနေမှာပဲ ဖြစ်ပါတယ်

 

– MD Noor (Rohingya Vision တည်ထောင်သူ) က မော်ကွန်းတိုက် (RGA) ဖွင့်လှစ်ခြင်း အခမ်းအနားပွဲတွင် ပြောကြားခဲ့ပါသည်။

 

တရားမျှတမှုသည် မရှိမဖြစ် ဦးဆုံးဖြည့်ဆည်းပေးရမည့် အရာတစ်ခုဖြစ်ပြီး ၎င်း၏တန်ဖိုးကို  WITNESS က ပြတ်သားစွာ အသိအမှတ်ပြုပါသည်။ တာဝန်ယူတာဝန်ခံမှု အစီအစဉ်က ရက်စက်ယုတ်မာမှုများကို အစုလိုက်အပြုံလိုက် ကျူးလွန်သူများအား သန့်စင်ဖယ်ရှားပြီး ဟန့်တားပေးလိမ့်မည် ဖြစ်သည်။ ထို့အပြင် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော ရာဇ၀တ်မှုများကို အားပေးပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများ၏ တရားဝင်မှုကို ပယ်ဖျက်ပေးလိမ့်မည်ဖြစ်ပါသည်။ ရေရှည်တွင် မော်ကွန်းတိုက် (RGA) က သိမ်းဆည်းထားသော ဗီဒီယိုများသည် ရိုဟင်ဂျာမျိုးဆက်များအတွက် သမိုင်းဆိုင်ရာ သတိပေးချက်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပြီး သူတို့အတွက်အပြင် သူတို့ရှေ့ကထွက်ခွာလာခဲ့ကြများအတွက် တရားမျှတမှုနှင့် ပြန်လည်ကုစားမှုရရှိရေး လမ်းကြောင်းများကို ဆက်လက်ရှာဖွေရန် သတိပေးနှိုးဆော်နေလိမ့်မည် ဖြစ်ပါသည်။

ရိုဟင်ဂျာလူမျိုးများ၏ အတိတ်ဖြစ်ရပ်များ၏ ပုံရိပ်များနှင့် အတွေ့အကြုံဖြစ်စဉ်များကို ပိုမိုကျယ်ပြန့်စွာ ရယူကြည့်ရှုနိုင်မှုက ကျွန်ုပ်တို့၏ ကမ္ဘာကြီးပေါ်တွင် လူမျိုးတုံးသတ်ဖြတ်မှုများကို ကြိုတင်တားဆီးရန်နှင့် ပပျောက်ရေးအပါအဝင် လူ့အခွင့်အရေးစံနှုန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွင် နေထိုင်နေကြသော ရိုဟင်ဂျာအမျိုးသမီးများက ချည်ပန်းထိုးနည်းဖြင့် ဖော်ကျူးထားသည့် အဝတ်စ။ Asia Justice and Rights ၏ လှုပ်ရှားမှုနှင့် ဓာတ်ပုံ။
  • WITNESS ၏ မော်ကွန်းမှတ်တမ်းအစီအစဉ်အကြောင်း အသေးစိတ်လေ့လာရန် ဤနေရာသို့ သွားပါ။
  • ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမော်ကွန်းတိုက်ကို ဝင်ရောက်ကြည့်ရှုရန် ဤနေရာတွင် နှိပ်ပါ။
  • WITNESS ၏ အာရှ-ပစိဖိတ်အစီအစဉ်က ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အကြောင်းကို ကျွန်ုပ်တို့၏ Facebook၊ Twitter နှင့် Instagram ရုပ်သံလိုင်းများတွင် စောင့်ကြည့်နိုင်ပါသည်။

Huey Shin Choo သည် WITNESS အာရှ-ပစိဖိတ်ဒေသ အစီအစဉ်၏ လက်ထောက်အစီအစဉ်မှူး ဖြစ်ပါသည်။ WITNESS နှင့် မပူးပေါင်းမီ သူမသည် မလေးရှားနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်မှုများကို ပံ့ပိုးမြှင့်တင်နေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Freedom Film Network တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စက်တင်ဘာလ ၅ ရက် ၂၀၂၃ တွင် ထုတ်ဝေခဲ့သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *